Sunday, May 9, 2010

အမေသို့ တမ်းချင်း(အမေများနေ့ အမှတ်တရ)


ငါငယ်ငယ်ကကြားဘူးခဲ့..
ပြောမှသိ ၊ ထိမှနာ..
ဝေးမှလွမ်း..
အခုတော့ မာယာတွေ ထူပြောလှတဲ့..
လောကကြီးမှာ အထီးကျန်စွာ..
ပေါ့ပျက်ပျက်နဲ့ ..
ဖြတ်သန်းနေမိတဲ့ ငါ..
ငါ့ရဲ့ ဝိညဉ်ကို ငါ ပြန်ချုပ်တီးပြီး..
ငါ ကို့ငါ အသက် ပြန်သွင်းကြည့်လိုက်တော့..
ငါ့ရဲ့ ဘေးမှာ '' အမေ '' ဆိုတဲ့..
ဝေါဟာရ တစ်ခု က
ငါ့ရဲ့ဒိုင်ယာရီ ထဲမှာ..အရောင်ပြယ်ပြီး..
ပျက်လွင့် စပြုနေခဲ့ပြီလေ...
ငါ့အတိတ်ကို ပြန်ပြီးအိပ်မက်မက်ကြည့်တော့..
ငါ့ရဲ့ အိပ်မက်လေးက ပျော်စရာကြီးပဲလေ..
ငါ့ရဲ့ ဘေးမှာ ငါရယ် ငါ့ရဲ့ အဖေ ရယ် ၊
ငါ့အမေရယ်.. ငါ့မိသားစုလေးရယ်..
ပျော်လို့ပေါ့..
ဒီလိုနဲ့ပဲ .....ငါ့အိပ်မက် လန့်နိုးလာခဲ့ရတဲ့ည..
ငါ့ရဲ့ ဘဝ ကြီးမိုးမှောင်ကျပြီး..
ဘာကိုမှအဖက်ဆည်လို့မရအောင်..
ငါ့ရဲ့ ပျော်စရာကောင်းတဲ့ အိပ်မက်လေး
ကြယ်တွေစုံနေတဲ့..ငါ့ရဲ့အိပ်မက်ကောင်းကင်ကြီးမှာ..
''အမေ '' ဆိုတဲ့ .ကြယ်လေးတစ်ပွင့်ကို..
လမသာ.. တိမ်စိုင်တိမ်ခဲတွေ ပြည့်နှက် နေတဲ့
မိုးကောင်ကင် ကြီးမှာ ကြယ်လေးတစ်ပွင့်..
တွေ့ လို့တွေ့ ငြား ငါရှာနေမိတယ်..
ဟော..တွေ့ ပါပြီ.ဖျော့တော့တော့.ကြယ်လေးတစ်ပွင့်
တိမ်စိုင်တွေကြားမှာ..
တက်နိုင်သမျှ သူ့အလင်းရောင်လေး
ပေးစွမ်းနိုင်ဖို့..တကယ့်ကို ပင်ပင်ပန်းပန်းနဲ့..
ထွန်းလင်းပေးခဲ့တဲ့..ကြယ်လေးတစ်ပွင့်..
ငါကြည့်နေတဲ့..အခိုက်အတန့်လေးမှာ..
အဲဒီကြယ်လေးကြွေသွားလေရဲ့..
ငါနှမြောလိုက်တာ..အဲဒီ အချိန်တုန်းကပေါ့..
ကြယ်လေးကို ငါခပ်ကြာကြာ ကြည့်နေရမယ်ထင်နေခဲ့တာလေ..
ဒါပေမယ့် အချိန်တွေ က မပေးခဲ့ ဘူးလေ
လွမ်းလိုက်တာ...အမေရယ်....လို့ကလွဲပြီး
ငါဘာများ ညည်းသွားနိုင်ဦးမှာလဲ....
နေပူမရှောင် မိုးရွာမရှောင်..
မိသားစုအတွက်နဲ့...ဘယ်ဘက်လက်ညှိုးလေး
ဓါးပြတ်ခဲ့တာတောင် မညည်းမညူနဲ့
ပင်ပန်းကြီးစွာ..ကြိုးစားရုန်းကန်ပေးခဲ့တဲ့..
အမေ..
မျက်နှာမှာ သနပ်ခါးပါးကွက်ကြားနဲ့..
ဘယ်အချိန်ကြည့်ကြည့် ပြုံးရွှင်နေတဲ့ ..
အမေ...
ကျောင်းပြန်ရင် အပြုံးပန်းလေးနဲ့..
ကြိုဆိုနေတဲ့ ငါတို့ရဲ့ အမေ..
မီးဖိုချောင်ထဲမှာ ကုတ်ကုတ်ကုတ်ကုတ်နဲ့..
မိသားစု စားဖို့ အရေး မျက်နှာ မှာ
အိုးမည်းတစ်ခွဲသား ၊ချွေးတလုံးလုံးနဲ့..
ချက်ပြုတ်နေတဲ့ကြားက အပြုံးပန်းနဲ့ နှုတ်ဆက်ခဲ့တဲ့
နှုတ်ဆက်ခဲ့တဲ့
ငါတို့ရဲ့အမေ..
အခုတော့....ဒါတွေအားလုံးဟာ
အိပ်မက်တစ်ခုပါပဲလား..
ပြန်မက်ချင်လည်း မက်လို့မရတဲ့အိပ်မက်..
အရာအားလုံးကို ငါတမ်းတမိခဲ့တယ်..
တိမ်းတမိတိုင်း လွမ်းခဲ့ရတယ်..
လွမ်းမိတိုင်းလည်း..ငါအကြိမ်ကြိမ်
အခါခါ ငိုကြွေးခဲ့ရတာကို ဘယ်သူသိမှာလဲ...
'' အမေ '' တစ်ယောက် ရောသိနိုင်ပါရဲ့လား..
''ခလုတ်ထိမှ အမိသ ''ခဲ့မိတဲ့ ငါ..
ပျက်စီးသွားပြီးမှ အသစ်ပြန်ဖြစ်ချင်တဲ့..ငါ
ငါ့ခြေထောက်ငါ့ရပ် ၊ ငါ့လမ်းငါလျှောက်နိုင်တဲ့ အချိန်မှာ
ငါ့ဘေးမှာ ''အမေ '' မရှိတော့ဘူးလေ..
ငါ့ကိုငါ တရားကျမိတယ်..ယူကျုံးမရလည်းဖြစ်ခဲ့တယ်..
ငါ့ကို ငါလည်း မကျေမနပ် ဖြစ်မိတယ်...
ငါဒီလောက်တောင် တာဝန်မကျေခဲ့တာလား..
ကံကြမ္မာကြီးကို ငါ့မုန်းတယ်..
ငါ့ကိုကျ ဘာလို့ မျက်နှာသာမပေးရတာလဲ...
လောကကြီးရေ..ငါ့ရဲ့တာဝန်ကိုတော့
မလုပ်ခိုင်းပဲနဲ့ ဘာလို့ လျစ်လျူရှု့ထားခဲ့ရတာလဲ....
.....................................................
အရာအားလုံးဟာ ပြီးဆုံးသွားခဲ့ပါပြီ..
ပြန်လိုချင် ၊ပြန်ဖြစ်ချင်ပေမယ့်လည်း..
ပြန်ဖန်တီးလို့ မရတဲ့ အရာတွေပဲလေ...
ဒါပေမယ့် ငါ့တို့အမေအတွက်တော့..
ငါလုပ်ပေးနိုင်တာတစ်ခုတော့ရှိတယ် ..
အမေရေ..
အမေ့အတွက်သား
ညစဉ်ညတိုင်း ဆုတောင်းပေးနေပါတယ်
အမေရေ....
စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေ
ငါညတိုင်းဆုတောင်းမိနေတာကတော့..
ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး..
ဒီလိုအဖြစ်မျိုးနဲ့ မကြုံပါစေနဲ့လို့ပေါ့....
(အမေများနေ့မှာ ဒီကဗျာလေးဖြင့် အမေ့ကို ရှိခိုးဦးချကန်တော့လိုက်ပါတယ် အမေရေ)

0 comments:

Post a Comment